Sunday, 24 June 2012

ဆန္ဒနဲ.ခရီးရောက်နေတဲ့ မောဟများ ...

ခေတ်ဆိုတာ
ရည်းစားများများ ထားတတ်တဲ့ ကောင်မလေး
တစ်နေ.လာလည်း လူတွေက လိုင်စင်မပါတဲ့  ဟွန်းသံနဲ.
ဒီအရပ်က တပ်လန်. ဟိုအရပ်ကို ငါးမျှား  ရေစီးတွေ ဖိနပ်ပါး
အတ္တနိ အတ္တနော နာထော “ ကိုယ်ရ ကိုယ်ယူသည်” လမ်းစဉ်
လောဘ ရဲ့ သေတမ်းစာမှာ ငါသေရင် ကျန်သူတွေအားလုံး သတ်ရန်
တစ်မနက်လုံး မိုးချုပ် ဟန်ဆောင်ထားတဲ့  အမှန်တရား
တကယ်တော့ ခင်ဗျားတို.ပြောတဲ့ ဒီမိုကရေစီဆိုတာ
ဟော့ဒီ ကဗျာရဲ့ မတော်လိုက်ရတဲ့ ယောက္ဖ ပေါ့ကွာ။…….


ဒီလိုပါ ....
ဒေါသဆိုတာ ပူနေတုန်းပေါ်လာတဲ့ မုန်းလုံးရေပေါ်
ကစားပွဲဟာ လောင်းကြေးတွေနဲ.စည်ကားခဲ့တာပေါ့။..
ဟောင်တဲ့ခွေး မကိုက်တတ်မှန်း အစ ကမသိခဲ့ဘူး သိုးမည်းရေ
တောကစားနည်းတွေထဲမှာ လင့်ထိုးပြီးထိုင်စောင့်ရတာကိုကြိုက်တယ်။...
ငြိမ်းချမ်းရေး လက်သစ်က ယုန်တောင်ပြေး ခွေး မြောက်လိုက်
ခြေအေးဝမ်းယောင်၊ အိမ်ပြန် ထရံကန် ခြေထောက်သံစူး
လူတွေရဲ့ ရင်ထဲမှာလည်း အ၀ါတွေ ပိုးစိုးပက်စက်
ဝါ ရင်း  ဆွေးဆွေးသွားတဲ့ ၀တ်ရုံကို ခြုံရင်း
ညှို.မှိုင်းမှိုင်းတောအုပ်ထဲက ဂျိုးငှက်တွေနဲ. သိုးဖမ်းသူတွေ
လမ်းစဖျောက် ခံထားရတဲ. မျှော်လင့်ခြင်းတစုံကို တိုက်ချွတ်
ချွတ်ရင်းပြန်တိုက်တယ် တိုက်ပုံအင်္ကျီ
အိတ်ကဒ်ထဲမှာတော့ ဗန်ဒိုရာရဲ့ သေတ္တာ… ဖွင့်မကြည့်ရဲ့ဘူး။..


ရှေ့တစ်ကွက်တိုးမှားတဲ့ ဘွန်း(နယ်ရုပ်)တစ်ကောင်လို
နောက်ဆုတ်မရတဲ့ ဘ၀နဲ. တုန်လှုပ် ၊ ဒုံရင်း ဒုံရင်း
ရယ်ရင်းမောရင်းအမြုပ်ထွက်တယ် စားမြှုံ.ပြန်အံဖတ် တွေကြား
ခင်ဗျားတို. ကျနော်တို. စိတ္တဇ မဂ္ဂါဝပ်နဲ. အချိန်ပြည့်လည်ပတ်ထားရ
ဖယောင်းတိုင် ကလေးမှာလည်း မျက်ရည်စတွေနဲ.ပါ။....


ငညို ၊ ငနီ ခရိုနီတေးတစ်ပုဒ်နဲ. မြို.ပြဟာ
အလိုမကျမှုတွေကို ထမ်းပိုးထားရတဲ့ ဆောင်ကြာမြိုင် ဧည့်ခန်း
ဟော.ဒီ ဥတ္တရတစ်လွားဆီမှာလည်း
နားလည်မှုတွေ တင့်တောင့်တင့်တယ် တလွဲဆံပင်ကောင်းတုန်း
ရိုးမ ကြားက အစိုးမရတဲ့ ငါး တွေလည်း  မျှားလို.ကောင်းတုန်း
အမုန်း ၊သံတယတွေ ဥပဒေဖွဲ. တေးရတုတွေလည်း ငြီးလို.ကောင်းတုန်းပါပဲ။....


အမုန်း၊ အချစ် အဲဒီ စစ်ပွဲတွေကြားထဲ
ကျင်းမစိမ်တတ်တဲ့ " ဘော" လို ငေါင် တွေပေါ်မှာ ငါတို.တဒုတ်ဒုတ်
ကယ်လ်ကူရိတ်တာ မကိုင်တတ်တဲ့  ငါ့ဘကြီးဟာ
အကြောင်းမဲ့ သုံည တစ်လုံးထိုးခံရတာလည်း နာတယ်
ရင်ဖုံးအင်္ကျီမပါတဲ့ ငါ့ မနက်ခင်းတိုင်း
ယဉ်ကျေးမှုတွေ တုတ်၊ ဒါးမပြီးနိုင်တာလည်း နာတယ်
ဒီလိုနဲ.ငါဟာ  အနှစ် တစ်ရာမှာ တစ်သုတ် လည်းလည်ခံရမယ့် လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။.......





                                             Aungtwo.....24/6/2012  sunday 2;30 am

0 comments:

Post a Comment