လူတစ်ယောက်ရဲ့ရယ်သံမှာ
သတ္တုတွင်းပြိုကျသံတွေ
သင်တို့ကြားဖူးပါစ ။
သဘာဝမှာ ပန်းမပွင့်တဲ့အချိန်တွေရှိခဲ့ပြီ
စံပယ်ကိုခူးရတာ
ဆူးစူးတယ်လို့
သစ်သီးကိတ်ဟန်ဆောင်ခဲ့တဲ့
နေရောင်တွေကပြောခဲ့တယ်။
သူဟာ
အထိတ်တလန့် ချောကလက်မဟုတ်ဘူး
လထွက်မသေချာခဲ့ပါ
သံနဲ့လုပ်တဲ့ဒုက္ခတွေ
သူရခဲ့
ရောင်းစားလို့ရရင်ကောင်းမှာပဲလို့
ပရိရေသနအမှိုက်ပုံကပြောတယ်
လူမသိသူမသိ လူသွားလမ်းကလေး
သူလက်ဆောင်ရခဲ့
အကောင်းဆုံးအားတိုးဆေးဟာ
ငွေအကြောဆေးဖြစ်တယ်လို့
ခေတ်စားတဲ့ဘာသာဗေဒကပြောတယ်။
သူဟာ
သံချေးတက်အသက်ရှုသံမဟုတ်ဘူး
ဂရင်းနစ်စံတော်ချိန်တွေ
ပိုးကျခဲ့
သူ့အမှန်တရားကို
နေလှန်းဆားနယ်သိပ်ထားခဲ့
သူ မစားရတဲ့စပျစ်သီးတွေက
ပိုချိုတယ်လို့
သူမစားရတဲ့စပျစ်သီးတွေကပဲ
သူ့ကိုပြောခဲ့တယ်
သူဟာ
လေငန်းဆွဲတေးသံမဟုတ်ဘူး
သူဟာ
အချစ်ကိုပေါင်းသင်မြက်နှုတ်ခဲ့တယ်
သူဟာ
လူသားရဲ့ဦးဦးဖျားဖျားရယ်သံဖြစ်တယ်
သူဟာ
ရတနာအစစ်ရဲ့မြေတူးသမားဖြစ်ခဲ့တယ်
သူဟာ
ကမ္ဘာမြေကြီးရဲ့ရေချိန်တစ်ခုဖြစ်ခဲ့တယ်
သူဟာ
စားရေရိက္ခာမရှိတဲ့အရပ်မှာနေတယ်
မြေရိုင်းတစ်ကွက်လို
ဟန်ဆောင်တတ်တယ်။
သူဟာကမ္ဘာမြေကြီးရဲ့အရိပ်တွေကို
ခွဲစိတ်နေခဲ့သူ
မာကျောကျောရှာဖွေမှုကို
အသက်မွေးဝမ်းကျောင်းပြုခဲ့သူ
သူဟာ
နာကျင်ခြင်းကိုတောင့်တခဲ့တယ်
စောင့်မျော်ခြင်းသစ်ပင်စိုက်ခဲ့တယ်
လိုက်လျှောခြင်းပြုခဲ့တဲ့နေ့တွေကို
ဆေးပေးမီးယူလုပ်ခဲ့တယ်
ရေတိမ်နစ်ခဲ့တဲ့သက်တန့်ကို
ကယ်တင်ခဲ့တယ်
ကြယ်များကိုနမ်းပြီး
သူပြောခဲ့တာက
“အနုပညာဆိုတာ…
လူသားရဲ့အပိုကရိယာပဲ ”…တဲ့
အဲဒါက
သူ့ကိုလိပ်ပြာနှုတ်သွားခဲ့တာပေါ့
ကမ္ဘာမြေကြီး။ ။
.... မောင်ချောနွယ် ကဗျာ...
Friday, 20 April 2012
ရယ်သံများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment