စိတ်ကူးထားတဲ့အကိုင်းမှာ
ငှက်ကလေးက မနားဘူး။
အရင်ဘ၀က ခုံပြာတန်းလေး
အခု
စူးဝင်နေတဲ့သံနဲ့
ဆွေးမြည့်နေတဲ့သစ်သား
ငါတို့ သူသေကိုယ်သေချစ်သွားကြတာ။
ဒီဘ၀မှာ
မီးလောင်ခြင်းက ရှုခင်းတစ်ခု
နောင်ဘ၀မှာ
အလံတစ်ဝက်ချထားခြင်းနှင်းများ။
ဘယ်ဆီဘယ်ဝယ်
တောင်စွယ်မှာ နေကွယ်မှာလား
ပင်လယ်မှာ နေ၀င်မှာလား
ရောက်ရာအရပ်က ညနေခင်းများ
အုတ်စီ
သံချည်သံကွေး
နံရံဆေးတိမ်ပြာပြာ
တကယ့်ဘ၀ကိုသာ ငါတို့ရိုက်ယူထားခဲ့ပေါ့
ပြန်မလာဇာတ်ကား။ ။
စိုင်းဝင်းမြင့်
မြားနတ်မောင် – နိုဝင်ဘာ၊ ၂၀၀၂
............။.........................။........
ကြယ်ပျက် (စိုင်းဝင်းမြင့် )
စားရေရိက္ခာ ကြွယ်ဝသလို
ချစ်ခဲ့ …
စားရေရိက္ခာ ဖြတ်တောက်ခံရသလို
လွမ်းခဲ့ …။
အချိုရည်ရွှန်းတဲ့နေ့
ရနံ့သင်း အပွင့်ထွားတဲ့ည
ဆုတောင်းလို့လည်း မရ
ဆွတ်ခူးလို့လည်း မရ။
တစ်ယောက်ကိုတစ်ယောက် မြင်နေရတာက
လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ။
တစ်ယောက်ဆီတစ်ယောက် ရောက်ရှိဖို့က
အလင်းနှစ် သန်းပေါင်းများစွာ။
ဒီမှာငှက်ဖြစ်တာတောင်
တစ်ကိုင်းတည်း နားခွင့်မရှိတော့ဘူး။ ။
စိုင်းဝင်းမြင့်
.............။..............။...........
0 comments:
Post a Comment