လူတစ်ယောက်ဟာ
ဝတ်စုံတစ်စုံထဲကို ဝင်သွားတယ်။
ဝတ်စုံတစ်စုံဟာ
အိမ်တစ်လုံးထဲကို ဝင်သွားတယ်။
အိမ်တစ်လုံးဟာ
မြို့တစ်မြို့ထဲကို ဝင်သွားတယ်။
အဲဒီမြို့ကို
မိုးပျံဟိုတယ်တွေက သွားကြားထိုးလို့။
အဲဒီမြို့ကို
ဟဲဗီးမက်တယ်လ်သီချင်းတွေက သွေးသွင်းလို့။
အဲဒီမြို့ကို
မီနီမားကတ်တွေက ပီကေလိုဝါးလို့။
အဲဒီမြို့ကို
စားသုံးမှု စရိတ်တွေက စွန့်လွှတ်လို့။
အဲဒီမြို့ကို
နီယွန်မီးလုံးတွေက မျက်နှာသစ်လို့။
အဲဒီမြို့ကို
အဖျော်ယမကာယဉ်ကျေးမှုက ဂျာကင်လိုဝတ်လို့။
အဲဒီမြို့ကို
ဘဏ်အကြွေးဝယ်ကဒ်တွေက နေကာမျက်မှန်တတ်လို့။
အဲဒီမြို့ကို
ဘေထုပ်အထည်ဟောင်းတွေက ပါးရိုက်လို့။
အဲဒီမြို့ကို
ကြော်ငြာဆိုင်းဘုတ်ကြီးတွေက လက်ထပ်ပေါင်းသင်းလို့။
အဲဒီမြို့ကို
ကြီးပွားရေးအိပ်မက်တွေက ငါးမျှားလို့။
အဲဒီမြို့ထဲက
အမှိုက်ပုံတစ်ပုံ ထွက်လာတယ်။
အဲဒီအမှိုက်ပုံထဲက
လွှင်ပစ်လိုက်တဲ့ သွားကြားထိုးတံ
ရောင်စုံမီးသီးအကျွမ်း
အချိုရည်ကုန်သွားတဲ့ ပီကေ
ကျိုးပဲ့နေတဲ့ ကိုယ်ကျင့်တရား
ဘီယာဘူးခွံအလွတ်
လေထုညစ်ညမ်းမှု
စိတ်ကျရောဂါ
အပေါင်လက်မှတ်အစုတ်နဲ့
မိမွေးတိုင်း ဖမွေးတိုင်းမဟုတ်တဲ့ လူတစ်ယောက်
ထွက်လာလေရဲ့။
သစ္စာနီ (သောင်းပြောင်းထွေလာ၊ အမှတ် ၉/၁၉၉၆)
0 comments:
Post a Comment